content top

Thursday, October 13, 2011

အိပ်ရေးပျက်ခြင်း




သင်ဟာ ညဘက်မှာ အိပ်ရေးပျက်ခဲ့တယ် ဆိုရင် နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်နေမှာ ကတော့ အသေအချာပါပဲ။ ဒါပေမဲ့ သင်ဟာကောင်းကောင်း အိပ်စက်ပြီး အာဟာရပြည့်ဝအောင် စားသောက်ပါလျက်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါလျက်နဲ့ ပင်ပန်း နွမ်းနယ် သလိုမျိုးလည်း ခံစားရနိုင်ပါတယ်။

အိပ်ရေးဝအောင် အိပ်ခြင်း၊ မျှတတဲ့ အစားအစာတွေ စားခြင်း၊ ကိုယ်လက် လှုပ်ရှားလုပ်ခြင်း စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံတွေဟာ စွမ်းအားပြည့်စေဖို့ အရေးကြီးတယ် ဆိုတာ သင်သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဒီအချက်တွေ အပြင် အောက်ပါအသေးအဖွဲ လုပ်ဆောင်မှုလေးတွေ ကလည်း သင်ရဲ့ စွမ်းအင်တွေ တိုးတက်အောင် ကူညီနိုင်ပါလိမ့်မယ်။


မနက်စာကို အမျှင်ဓာတ်များများစားပါ
မနက်စာမှာ အမျှင်ဓာတ်များများ ပါတဲ့ ကွေကာ၊ ဆန်းလုံးညိုနဲ့ သစ်သီးတွေ ပါဝင်အောင် စားပေးရင် သင်ဟာ တစ်နေ့လုံး လန်းဆန်းတက်ကြွ နေပါလိမ့်မယ်။ Cardiff University မှ လေ့လာမှုက အမျှင်ဓာတ်များတဲ့ မနက်စာ စားသူတွေဟာ မစားသူတွေထက် မောပန်း နွမ်းနယ်မှု ၁၀ ရာခိုင်နှုန်း လျော့နည်းတာ၊ စိတ်ဓာတ်ကျမှုနည်းတာနဲ့ အသိဉာဏ်စွမ်းရည် ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။ သီအိုရီ အရတော့ အမျှင်ဓာတ်ဟာ အစာအိမ်ထဲမှာ အစာတွေ စုပ်ယူမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတဲ့ အတွက် အချိန်ကြာကြာ စွမ်းအင်ပြည့်ဝ နေစေပါတယ်။


ကော်ဖီခွက်သေး ဝယ်ပါ
ကျွမ်းကျင်သူတွေက လန်းဆန်းမှု အတွက် ကဖင်းဓာတ်အပေါ်မှာ အလွန်အကျွံ အားမကိုးတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ သင်ဟာ ကော်ဖီကို မသောက်ရ မနေနိုင်အောင် စွဲလမ်းနေရင် တစ်နေ့လုံး ညီညီမျှမျှ နည်းနည်းစီခွဲသောက်တာက ပိုကောင်းပါတယ်။ ကဖင်းအနည်းငယ် (ကော်ဖီရှစ်အောင်စ ဒါမှမဟုတ် ဒီထက်နည်းတာ) ကို နာရီအနည်းငယ်ကြာတိုင်း သောက်ပေးရင် တစ်ခါတည်း ကော်ဖီခွက်ကြီး တစ်ခွက် သောက်လိုက်တာထက် ပိုပြီး အချိန်ကြာကြာ သင့်ကို နိုးကြားတက်ကြွစေကာ အာရုံစိုက်နိုင်စွမ်း ပိုရှိစေတယ်လို့ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။


မကြာခဏ စားပါ
မကြာခဏ စားပါဆိုတာ အလွန်အကျွံစားခိုင်းတာ မဟုတ်ပါဘူး။ နည်းနည်းနဲ့ မကြာခဏ စားတာကို ဆိုလိုတာပါ။ တစ်နေ့မှာ ထမင်းသုံးနပ်ပြည့်အင့်အောင် စားတာက သင့်ကို လေးလံ ထိုင်းမှိုင်းစေနိုင်ပါတယ်။ အစာကို တစ်နေ့လုံး မကြာခဏ (၃-၄ နာရီကြာတိုင်း) နည်းနည်းစီ စားတာဟာ သင်ရဲ့သွေးတွင်း သကြားဓာတ်ကို မြင့်နေစေတဲ့ အတွက် သင်ကို အိပ်ငိုက်တာ ဒါမှမဟုတ် အလွန်ဆာလောင် သွားတဲ့အတွက် အလွန်အကျွံစားမိတာမျိုး မဖြစ်စေတော့ပါဘူးလို့ Brigham အာဟာရဌာနမှ ဒါရိုက်တာ Kaythy Mc Mams က ဆိုပါတယ်။


ရေသောက်ပါ
“မောပန်းနွမ်းနယ်နေပါတယ် ဆိုပြီး ကျွန်တော့်ဆီကို ရောက်လာတဲ့ လူတွေထဲက တစ်ဝက်ဟာ တကယ်တော့ ရေဓာတ်ခန်းခြောက်နေကြတာ ဖြစ်ပါတယ်” လို့ New York မြို့မှ Beth Israel Medical Center မှ Woodson က ဆိုပါတယ်။ ရေဓာတ် ပြည့်ဝ နေစေခြင်းဟာ စွမ်းအင်ပြည့်ပြီး အာရုံစိုက်နိုင်စွမ်းရှိဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ အားကစားသမားတွေကို လတ်တလော လေ့လာမှု တစ်ခုမှာ ၁၅ နာရီကြာအောင် အရည်နဲ့ ရေဓာတ်ပြည့်ဝတဲ့ အစားတွေ စားသုံးမှုကို ကန့်သတ်ထားပြီး နောက်မှာ ၉၂ ရာခိုင်နှုန်းက မောပန်းနွမ်းနယ် လာတာကို တွေ့ရပါတယ်။ သူတို့ဟာ မှတ်ဉာဏ်လည်း ကျဆင်းပြီး အာရုံစိုက်ရတာလည်း ခက်ခဲလာပါတယ်။ သင်ဟာ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီကြာတိုင်း ရေသောက်ပေးရင် ရေဓာတ်ပြည့်ဝ နေပါမယ်။


သီချင်းနားထောင်ပါ
စားပွဲမှာထိုင်ရင်း အိပ်ငိုက်လာပါသလား။ အလုပ်လုပ်နေရင်း သီချင်းနားထောင်လိုက်ပါ။ လေ့လာမှု တစ်ခုက အလုပ်လုပ်ရင်း သီချင်း နားထောင်သူတွေဟာ နားမထောင်သူ တွေထက် ထုတ်လုပ်စွမ်းရည် ၁၀ ရာခိုင်နှုန်း ပိုမိုတိုးတက် လာတာကို တွေ့ရှိရပါတယ်။


ကျောက်ပွင့်သုပ်စားပါ
ကျောက်ပွင့်မှာ အိုင်အိုဒင်းပါဝင်ပါတယ်။ အိုင်အိုဒင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်၊ စွမ်းအင် အဆင့်နဲ့ စိတ်ခံစားမှုတွေကို ထိန်းညှိပေးတဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ အရွယ်ရောက်သူတစ်ယောက်ဟာ နေ့စဉ် အိုင်အိုဒင်း ၁၅၀ မိုက်ခရိုဂရမ် (ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ၂၂၀ မိုက်ခရိုဂရမ်နဲ့ နို့တိုက်မိခင်ဟာ ၂၉၀ မိုက်ခရိုဂရမ်) လိုအပ်ပါတယ်။


ဆယ်မိနစ် လမ်းလျှောက်ပါ
လမ်းအနည်းငယ် လျှောက်ရုံနဲ့တင် သင့်ကို စွမ်းအင်ပိုရှိစေတယ်လို့ အမေရိကန် နှလုံး အသင်းက ဆိုပါတယ်။ လေ့လာမှု အရ တစ်ရက်မှာ ၁၀ မိနစ်နဲ့ တစ်ပတ်မှာ မိနစ် ၇၀ လမ်းလျှောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေထက် ခြောက်လ ကြာတဲ့ အခါ စွမ်းအင် ၁၈ ရာခိုင်နှုန်း ပိုလာတာကို တွေ့ရပါတယ်။ သူတို့ဟာ ခေါင်းလည်း ပိုကြည်ပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ပိုရှိလာပါတယ်။ လှေကားတက်ရာမှာ ပိုမို အမောခံနိုင်ပြီး လွယ်ကူစွာ တက်နိုင်ကြပါတယ်။ ကိုယ်လက်နာကျင် ကိုက်ခဲမှုလည်း နည်းတာကို တွေ့ရှိရပါတယ်။

Ref: Good Health
I copy from facebook

0 comments:

Post a Comment


facebook comment


content top