content top
Showing posts with label ခံစားမှုလေးများ. Show all posts
Showing posts with label ခံစားမှုလေးများ. Show all posts

Friday, January 11, 2013

မဆိုင်ရင် အသာနေ

တစ်ခါက ထမင်းဆိုင်တစ်ဆိုင်မှာ ပုံမှန် ၀က်သားဟင်းနဲ့ပဲ လာစားနေကျသူတစ်ယောက်ရှိသည်။
ထိုသူက အနည်းငယ်ထူးဆန်းသည်။စားပွဲထိုးအား ၀က်သားနှင့်တပွဲဟု မှာပြီးလျှင်
`ဟေ့ သူငယ်၊ ဒီမှာ ငါးကျပ် ၊ ထမင်းဟင်းတွေ လာချပြီးရင် မင်းတို့လဲ အနားမလာကြနဲ့၊ ဘာယူဦးမလဲလို့လဲ

လာမမေးနဲ့ ၊ ဘာမှ မယူဘူး´ဟု ပြောလေတော့၏
ထိုဆိုင်တွင် ဗေဒင်ဆရာတစ်ယောက်လည်း ပုံမှန်ထမင်းလာစားလေ့ရှိလေ၏။
တနေ့ ဗေဒင်ဆရာက ၀က်သားဟင်းနဲ့ပုံမှန်စားနေသူကို
`ထုံးစံအတိုင်း ၀က်သားနဲ့ပဲလား မိတ်ဆွေ´ဟု မေးလိုက်လေ၏။ ထိုသူသည် ဗေဒင်ဆရာအား

အံသြသောမျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ထို့နောက်....
`ခင်ဗျား ဒီဆိုင်က စားပွဲထိုးလား´ဟုမေးလိုက်လေရာ ဗေဒင်ဆရာက
`မဟုတ်ပါဘူး ၊ကျုပ်က ဗေဒင်ဆရာပါ´ ဟု ပြန်ပြောလေ၏။
`ဗေဒင်ဆရာက ဘာဖြစ်လို့ ထမင်းဆိုင်ကိစ္စမှာ ၀င်ပြီး ပြောရတာတုန်း၊ စာပွဲထိုးလုပ်ချင်လို့

လေ့ကျင့်နေတာလား၊ စားပွဲထိုး လုပ်ချင်ရင် ကျုပ်ထိုင်မယ့်စားပွဲကို သွားပြီး အ၀တ်နဲ့သုတ်လိုက်၊
ဟိုမှာ ဟင်းစက်တွေ ကျနေတယ်´ဟု ပြောလိုက်ရာ.ဗေဒင်ဆရာလည်း ရှက်ခြင်း ဒေါသဖြစ်ခြင်းတို့ကြောင့်

မျက်နှာတစ်ခုလုံး နီရဲသွားလေတော့၏။
`ကျုပ်က ဘာဖြစ်လို့စားပွဲထိုးလုပ်ချင်ရမှာလဲ´ဟု ဒေါနှင့်မောနှင့် ပြန်ပြောလိုက်လေသည်။
`ခင်ဗျားက ဘာဖြစ်လို့ ၀က်သားနှင့်စားမလားလို့မေးရတာလဲ၊ ဒါကစားပွဲထိုးမေးရမယ့်စကားဗျ၊ ဒီမှာကိုယ့်လူ

အူကြောင်ကြောင် မလုပ်နဲ့ နာသွားမယ်´ဟု ဆိုကာ ထိုသူလည်း ထမင်းပန်းကန်ထဲသို့

ဟင်းများသွန်ချကာစားသောက်နေလေတော့၏။ ထိုသူထွက်သွားသောအခါ ဗေဒင်ဆရာက အနီးအနားမှ

သူများအား အရှက်ပြေစိမ့်သောငှာ...
`ကျုပ်ကလဲ သတိမထားမိဘူး၊ဒီအချိန်မျိုးမှာ ခိုက်ရန်ဒေါသ ဖြစ်တတ်တယ်၊ ကျုပ်လဂ်ပေါ်မှာ အင်္ဂါနင်းပြီး

စန်းပေါ်မှာ စေတန်ရောက်နေတယ်´ဟု ပြောလိုက်ရာ..
အနီးမှသူတစ်ဦးမှ..
`ဒီမှာ ဗေဒင်ဆရာကြီး လဂ်ပေါ်ကို အင်္ဂါနင်းလို့လည်းမဟုတ်ဘူး။ ခေါင်းပေါ်ကို ရာဟုနင်းလို့လည်း

မဟုတ်ဘူး၊ ခင်ဗျားပါစပ်ကြီးက အငြိမ်မနေလို့ ဖြစ်တာ..၊ ဟိုလူ့မှာ ဘာအပြစ်မှ မရှိဘူး၊သူ့ဘာသူ

ကြက်သားနဲ့ပဲစားစား၊ ၀က်သားနဲ့ပဲ စားစား ၊ခင်ဗျားအလုပ်မှ မဟုတ်တာ...´ဟု ပြောခံလိုက်ရလေသတည်း။

Wednesday, January 9, 2013

အလွမ်း


လွမ်းတာလား အထီးကျန်တာလား မပြောတတ်ဘူး.။
အချစ်လို့ ခံစားမိလိုက်တဲ့အခါ နှလုံးသားက ပူရှိန်းရှိန်းလေး ခံစားရတယ်။

တယောက်တည်း ပြုံးရယ်မိတယ်။ ဘယ်လိုမှ မထင်မှတ်ပဲနဲ့။
ငါတွေးမိတာလေးက နင့်ကို ငါသဘောကျတဲ့ဟန်လေးပေါ့။

ဘေးနားမှာ တယောက်ယောက်လိုနေတယ်လို့ ထင်နေခဲ့တယ်.။
တကယ်က ငါလွမ်းနေခဲ့တာလေ..။

နင့်ဘေးမှာ ငါရှိခဲ့တုန်းက.။

လွမ်းတယ်ဆိုတာကို နားလည်အောင် ကြိုးစားကြည့်ပါ.။
တကယ်က မပီမသနဲ့ နားထောင်နေရသလိုပဲ..။ လေထဲမှ ၀ဲပျံနေတဲ့ ဖုန်မှုန့်တွေကိုကြည့်နေရသလိုပဲ..။
မမွှေရသေးတဲ့ လက်ဖက်ရည်ကို သောက်မိသလိုပဲ။ စားလက်စ ရေခဲချောင်း ပြုတ်ကျသွားသလိုပဲ..။

ဘယ်လိုခံစားချက်မျိုးပါလိမ့်...?


Thursday, May 3, 2012

ငါဆိုမှ.. ငါ

အစီအစဉ် တကျမဟုတ်ဘဲ စာလုံး တစ်လုံးနှစ်လုံးလောက် ကောက်ခြစ်ကြည့်ချင်တယ်.။ စိတ်တွေကို စုစည်းပြီး ခွန်အားတွေ ဖျစ်ညစ်ပြီးတော့ပေါ့။ ဒါပေမယ့် စကားလုံးတွေ မထွက်လာပါဘူး။ ဘာလို့လဲဆိုတော့ ငါဟာ ပွင့်လင်းတဲ့ သူတစ်ယောက်မဟုတ်တော့လို့ပဲ..။ ငါ့အကြောင်းတွေ ကို မပြောချင်ဘူး။ လူတွေ သိရင် ကဲ့ရဲ့လိမ့်မယ်။ ဝေဖန်လိမ့်မယ်။ ရှုံ့ချလိမ့်မယ်။ ငါကြောက်တယ်။

ဒါဆို ဘာလို့ ဘလော့ရေးလဲ။
သူများတွေ ဘလော့တွေ မှာ စာလေးတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတာကို ကြိုက်တယ်.။ ကိုယ်တော့မလုပ်တတ်ပါဘူး။ ဒါပေမယ့် လိုက်လုပ်ကြည့်ချင်တယ်။ မရဘူးလား.။ တစ်စုံတစ်ယောက်လောက်ဖြစ်ဖြစ်လက်ခံရင် ရပြီလေ။
ငါ့စိတ်တွေ ရှုပ်ထွေးနေသလား ဆိုတာ ငါမသိတော့ ငါရေးတဲ့စာတွေကလည်း ရှင်းရှင်းလင်းလင်းရှိမှာမဟုတ်ဘူး။
ငါက ပေးဆပ်သူမဟုတ်ဘူး။ ဒါ ငါ့ကိုယ်ငါ အားပေးတာ..။

အကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး။ အကူအညီဆိုတာ ညီမှ ကူလို့ရတာ.။ ကိုယ်က အကူအညီယူတဲ့သူ ထက်စာရင် အကူအညီပေးနိုင်တဲ့သူ ဖြစ်အောင်လုပ်တဲ့။ သူငယ်ချင်းတစ်ယောက် ဆယ်တန်းတုန်းက `ရေးပေးပါ´ဆိုတာမှာ ရေးပေးထားတဲ့စာပေါ့။ သင့်ကြောင့်ပတ်ဝန်းကျင်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်သွားပါစေတဲ့။ ပတ်ဝန်းကျင်ကြောင့် သင်မပြောင်းလဲပါနဲ့ တဲ့။

ငါတော်တော်လေး စဉ်းစားတယ်။ ဘာကို စဉ်းစားတာလဲဆိုတော့..။ ငါနေ့စဉ် ဘာတွေ လုပ်နေလဲဆိုတာကိုပေါ့။ ဟုတ်တယ်..။ ငါက လူငယ်တစ်ယောက်..။ အပျော်အပါး တွေ လိုအပ်တယ်။ လိုချင်တယ်။ ငါလုပ်တယ်.။ ပျော်တယ် ။ ပါးတယ်.။ ဟေးလားဝါးလား.. အချိန်တွေ တရွေ့ရွေ့ကုန်ကုန်ပြီ။ ကုန်ပစေ..။ ငါ့အသက် အခုမှ နှစ်ဆယ်ကျော်.။ ငါ့ဘ၀က အခုမှ အစ..။ မြေကြီးပေါ်မှာ ရပ်ထားတဲ့ ငါ့ခြေထောက်ကို ငါယုံတယ်..။ သူက ငါ့ကို လှဲမသိပ်ဘူး.။ ဒါပေမယ့် ငါလှဲကျသွားမှာကို ကြောက်တယ်။ ငါ့ကို ဘယ်သူမှ ထွေးပွေ့မှာ မဟုတ်လို့လေ..။

ရည်းစား.. တဲ့။ ဟားဟား .. တော်တော်ရီရတဲ့ စကားလုံးပဲ..။ ငါချစ်တယ်လို့ မိန်းမတစ်ယောက်ကို ပြောလိုက်တာ သူက ငါ့ကို ချစ်တယ်လို့ ပြန်ပြောတော့ အဲဒါ ငါ့ရည်းစားပေါ့။ ဟုတ်တယ်လေ.. ။ ဘာဖြစ်လဲ လူငယ်ပဲ.။ ရည်းစားထားတာ ဘာဆန်းလို့လဲ..။ သူနဲ့ ချိန်းတွေ့မယ်.။ ဖက်ထားမယ်.။ နမ်းမယ်..။ ပြီးတော့ကော..။ သူနဲ့စကားတွေ တီတီတာတာတွေ ပြောမယ်..။ ဖုန်းတွေ ဆက်မယ် ။ မက်ဆေ့စ်တွေ ပို့မယ်..။ သူ့အတွက် လက်ဆောင်လေးတွေ ၀ယ်ပေးမယ်..။ သူစိတ်ဆိုးအောင်လုပ်မယ်..။ ပြန်ချော့မယ်.။ ဒါပေမယ့် သူ့ကို ငါလက်ထပ်ဖို့ အခုထိတော့မစဉ်းစားသေးဘူး.။ ငါ.. ငယ်သေးတယ်လေ..။

တစ်နေ့နေ့တော့ ငါသေရမှာ.. ။ ဒါကို ငါသိတယ်..။ ဟုတ်တယ်.. မင်းလည်းသေရမှာပဲ..။ ဒီတော့ ငါတို့ တစ်ခါတစ်လေ အတူတူ သေမယ့် အကြောင်းလေး စဉ်းစားမယ်.။ ငါသေရင် ငါ့အတွက် ဘယ်သူတွေ စိတ်မကောင်းဖြစ်မှာလဲ..။ ဘယ်သူတွေက လွမ်းဆွတ်မှာလဲ.. ။ တစ်နှစ်လောက်ပေါ့ အဲထက်တော့ မပိုနိုင်ဘူးထင်ပါတယ်။ ငါသေရင် ငါလုပ်ခဲ့တာတွေက ငါ့နောက်ကို လိုက်ခဲ့မှာလား.။ ဒါဆို ငါ ကောင်းတာတွေ ရွေးလုပ်ချင်တယ်။ ဟင်.. ကောင်းတာလုပ်တာကို ငါကြိုက်မှ ကြိုက်ရဲ့လား.။ ငါမကြိုက်တဲ့ အလုပ်တွေလည်း ပါနေမှာလား..။ မလုပ်ချင်ဘူးကွာ..။ ဖြစ်ချင်ရာဖြစ် ..။ နောင်ခါလာ နောင်ခါဈေးပဲ..။

တော်ပြီ..။ ငါဖြုန်းခဲ့တဲ့ အချိန်တွေ ငွေတွေ ပြီးတော့ ငါ့ခွန်အားတွေ .ငါ့ပျော်ရွှင်မှုတွေကို ငါမေ့ပစ်လိုက်တော့မယ်..။ ရှေ့ကို ငါတစ်ချက်ဝှေ့ကြည့်လိုက်မယ်.။ ငါ့ကို စောင့်နေသူ ဘယ်သူရှိလဲလို့..။ မှုန်ရီရီတော့ မြင်ရတယ်။ ဒါပေမယ့် သေမင်းတွေလား မသိဘူး..။ ငါဖြည်းဖြည်းလေးပဲ သွားမယ်ကွာ..။ ဟာ...စောင့်နေတာ ငါ့ချစ်သူပါလား..။ ငါဘာလို့ နှေးကွေးနေခဲ့မိတာပါလိမ့်..။ ငါကြောက်နေတာလား.. ။ ဟုတ်တယ်..။ ငါကြောက်နေတာ..။ မင်းကော.. ငါကြောက်နေတာလို့ မထင်ဘူးလား..။
ငါကြောက်နေတာက ဘာလဲ...။

Monday, November 7, 2011

ခရီးတစ်ထောက်

               ဘ၀ဆိုတာ ခရီးတစ်ခုတဲ့။ ဟုတ်တယ် အကြိမ်ကြိမ် သွားနေကျ ခရီးတစ်ခုကို သွားနေရသလိုပဲ။ ဒါပေမယ့် ဒီခရီးကလည်း တစ်ခါမှ မသွားခဲ့ဖူးတာက စခဲ့တာပဲလေ။ အခုတော့လည်း အိမ်ဦးနဲ့ ကြမ်းပြင် လိုပါပဲ။

                      ကျွန်တော် ခရီးထွက်ရမည်။ ပထမဆုံးခရီးထွက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်က ကျနော် စိတ်အတွေးအကြံတွေက အရင်တုန်းကလိုပဲလား ဆိုတာ ဆန်းစစ်ဖို့အခွင့်အရေးပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ကလေးဆန်တယ်လို့ ထင်ခဲ့တယ်။ မေမေ့ရဲ့ လောင်းရိပ်လေးမှာပဲ ကျနော် နေထိုင်အသက်ရှင်ခဲ့တာ အခုဆို အသက် (22) ရှိပြီ။ ဘ၀ဆိုတာကို ကျနော် ထိုက်သင့်သလောက် ကြမ်းတမ်းတယ်လို့ ခံစားမိဖူးတယ်။ ဒါပေမယ့် ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ဖူးသည် မဟုတ်ပါ။

                         ဆောက်လုပ်ရေး ကုမ္ပဏီ သေးသေးလေးတစ်ခု ။ ကျနော် အလုပ်လုပ်နေတာလေ။ ဒါပေမယ့် ကျနော် အချောင်ခိုနေမိခဲ့သလားမသိဘူးနော်။  အွန်လိုင်းက သူငယ်ချင်း တွေက ကျနော်ကို တော်တယ်လို့        ပြောတာကို ကျနော် ရင်ခုန်ခဲ့ဖူးပါတယ်။ လူဆိုတာ ကိုယ့်ကို တော်တယ်ဆိုတာ အသိအမှတ်ပြုစေချင်ကြသူ    တွေ ချည်းပါပဲ။ ဒါပေမယ့် ကျနော် အားလုံးကို ပြန်ပြောခဲ့တယ် ။ ကျနော် တော်နေတာလည်း ဖြစ်နိုင်ပါတယ်။   ဒါပေမယ့် ကျနော် နေရာမှားပြီးတော်နေတာ ပါလို့။ အလုပ်မှာ ကျနော် စိတ်ဝင်စားမှုနည်းနေပါတယ်။ ဒါကို ကျနော်က ကလေးဆန်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။

                           လူတစ်ယောက်မှာ သူ့ရဲ့ပျော်ရွှင်မှုအတွက်သက်သက် သူလုပ်ချင်တာကို လုပ်နေရင် သူအမြဲ ပျော်နိုင်ပါ့မလားလို့ စဉ်းစားမိဖူးပါတယ်။ မပျော်နိုင်ပါဟူသော အဖြေကို ကိုယ့်ဖာသာပြန်ပေးမိတယ်။ ဒါပေမယ့် ကျနော် အတွက် ပြင်ဆင်ဖို့ ကျနော်စိတ်ကို ကျနော် မလှုံ့ဆော်နိုင်ဘူး။ ဒီတော့ ကျနော် တိုးတိုးလေး ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ဘ၀ဆိုတာ ဘာလဲ လို့။ ကျနော် မဖြေပါဘူး ။ မသိချင်ယောင်ဆောင်လိုက်တယ်။ ဘာလို့လဲဆို ကျနော် အလုပ်က နေ အိမ်ကို ပြန်သွားရင် အမေက အမြဲ ထမင်းခူးခပ်ကျွေးနေတုန်းပဲ။ ပြီးတော့ ကျနော့်အ၀တ်တွေကို ချွတ်ပုံပြီးတော့ အမေလျှော်ဖွပ်ထားတဲ့ အ၀တ်တွေ ကို လဲဝတ်ပြီး နေခဲ့တာ ဘာလိုလိုနဲ့ အလုပ်ဝင်တာ တောင် နှစ်နှစ်ရှိခဲ့ပြီ။

                              အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက် ဆိုတဲ့ ဂုဏ်ဟာ ကြီးမားပါတယ်။ အလုပ်မရှိဘဲ ဝေလေလေလုပ်နေတယ်ဆိုတာထက်စာရင်တော့ ကျနော်က အလုပ်လုပ်နေတာပေါ့။ ဒါပေမယ့် ကျနော့် လုပ်အားခဟာ မေမေ့အတွက် ဘာအသုံးဝင်ခဲ့ဖူးလဲဟု ကျနော့်ကို မမေးပါနဲ့။ ကျနော်မဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် လစာဟာ ကျနော့်အတွက်ပင် မလောက်ငှပါဘူး။ ဒီတော့ ကျနော် ကိုယ့်ကိုယ်ကို တော့ တော်တယ်လို့ မမြင်မိပါဘူး။ ဒါပေမယ့် ကျနော် တော်ချင်ပါတယ်။ အောင်လည်း အောင်မြင်ချင်ပါတယ်။

                                                     ဆရာအောင်သင်းက ဘ၀ဆိုတာ စိန်ခေါ်ရဲရတယ်လို့ ဆုံးမဖူးတာလေးကို သတိရမိပြီး ကျနော် မချင့်မရဲလေး စိန်ခေါ်ခဲ့ဖူးပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်အတွက်တော့ ကိုယ်တာဝန်ယူနိုင်ရမယ်လို့ပေါ့။

                                          အခု မိုးညှင်းမှာ အဆောက်အဦတစ်ခုကို သွားဆောက်ရမည်။ ကျနော် လုပ်နိုင်ရမည်။ အင်ဂျင်နီယာ တစ်ယောက် လို့ ပြောဖို့ ကျနော်ကို ငယ်လိုက်တာ ဆိုတဲ့ မှတ်ချက်မျိုးသာ ကျနော် ရဖူးပါသေးသည်။ တော်သည်ဟုလည်း အပြောမခံရသေး။ ဒါပေမယ့် ကျနော် အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘာလို့လဲ။ ကျနော်ဖြစ်ချင်တာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျနော် ကြိုးစားရမယ်။ မိုးညှင်းမှာသွားနေရမယ် လေးလ ... အဲထက်လည်း ကြာနိုင်တယ်။ အိမ်နဲ့ခွဲရမည်။ ပြီးတော့ ကျနော် ကို ထမင်းခူးပေးမယ့်သူမရှိ။ ကျနော့် အ၀တ်တွေကို လျှော်ဖွပ်ပေးမယ့် ကျနော့်မေမေမရှိ။ ရှိမှာက ကျနော်ဆီက ဘယ်လိုလုပ်ပေးပါ လို့ပြောမှာကို စောင့်နေတဲ့ လက်သမား ပန်းရန်ပဲရှိမည်ဖြစ်သည်။

                                                  တစ်ခါတစ်လေကျတော့လည်း ကျနော်စဉ်းစားမိတယ်။ လောကမှာ တစ်ယောက်တည်းပဲ ရှိမယ်။ သံယောဇဉ်အနှောင်အဖွဲ့တွေ ။ လောဘတွေ  ။ ကင်းကွာလိုက်ရင် ဘာဖြစ်သွားနိုင်လဲလို့ ။ ဒါပေမယ့် ကျနော် အဲလောက်ထိ မတွေးရဲပါ။ မချင့်မရဲလေးပဲ စဉ်းစားလိုက်ခြင်းပါ။ ထို့ကြောင့် ကျနော် ဒီစာလေးကို ရေးပြီးတော့ ကျနော့်စိတ်ကို တံခါးဖွင့်ကြည့်ခြင်းပါ။ ကျနော် မနက်အိပ်ရာထခါစလား ။ ဒါမှ မဟုတ် ညမှာ တစ်ရေးနိုးတာလား ဆိုတာကိုတော့...........။

Friday, November 4, 2011

ကိုယ်တွေ့ရေးမှ ပီပြင်ပါသည်


    စာရေးသားခြင်းနှင့် ပတ်သက်၍ ကျနော်ဘာမှ မသိပါ။ ဒါပေမယ့် ကျနော် ဖတ်မိတဲ့ စာလေးတစ်ခုကို  ကောက်နုတ်တင်ပြချင်ပါတယ်။
                 ဟစ်တလာခေတ် ဂျာမနီကို နောက်ခံထားပြီးရေးသားရန် ရည်ရွယ်သည့်စာအုပ်တစ်အုပ်အတွက် ကျွန်မသည် သုတေသနလုပ်စဉ်က ဖြစ်သည်။
                      ပေါလ်ဂယ်လီယို ( Paul Gallico ) ၏ စာအုပ်တစ်အုပ်ထဲမှာ နာဇီတွေ က လူတစ်ယောက် ခေါင်းမှာ သံဖြူ ပုံးစွပ်ပေးပြီး၊ ပုံးကို တုတ်နှင့်တဗြောင်းဗြောင်း  ရိုက်နှက်ခြင်းဖြင့် လူကို  ရူးသွားအောင်လုပ်သည့်အကြောင်း ရေးထားတာတွေ့ရတော့၊ ဒါတကယ်ဖြစ်နိုင်ပါ့မလား ကျွန်မ စဉ်းစားရင်းက မစ်ချနား၏ အကြံပေးချက်ကို သွားသတိရသည်။ အတွေ့အကြုံတစ်ခု အကြောင်းမရေးသားမီ ကိုယ်တိုင်ခံစား ကြည့်ဖို့ ဆိုသည့်အချက်။
                          ကျွန်မ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 
                       အိမ်နောက်ဖေး ကွက်လပ်ထဲ သွားပြီးနောက်၊ ဘေးဘီမှာ လူရှိမရှိ သေချာအောင်ကြည့်သည်။ ပြီးလျှင် ၊ အိမ်သန့်ရှင်းရေး လုပ်သည့်အခါ ရေထည့်သည့်ပုံးကို ခေါင်းမှာ စွပ်လိုက်ပြီးနောက် တံမြက်စည်းရိုးနှင့် ရိုက်ကြည့်သည်။. အသံက နားမခံသာ။ ယုံနိုင်ဖွယ် မရှိအောင် ဆိုးဝါးလှသည်။
                            စာအုပ်ထဲမှာ သည်အခန်းကို ပီပီသသ ရေးပြနိုင်လောက်အောင် မှတ်သားမိစေရန်အတွက် သံပုံးကို နောက်ထပ်လေးငါးချက် ဆက်ရိုက်သည်။ နားထဲ တအားအူသွားပြီးနောက် သံပုံးကို အလျင်အမြန် ဆွဲချွတ်လိုက်သည့်အခါ သူ့အခန်းပြတင်းပေါက်မှ ကျွန်မကို စိုက်ကြည့်နေသည့် အိမ်နီးချင်းအမျိုးသမီး၏ အံ့သြ ထိတ်လန့်သော မျက်နှာကို တန်းမြင်လိုက်ရသည်။ သူက ကျွန်မတို့ဇနီးမောင်နှံငှားနေသည့် အိမ်၏ အပေါ်ထပ်မှာ နေထိုင်သူဖြစ်သည်။
                          သူနှင့်ကျွန်မ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမျှ မဆိုဘဲ အကြာကြီးစိုက်ကြည့်နေမိသည်။ ကျွန်မ ရူးသွားပြီလို့ သူ မှတ်ယူသွားတော့မှာပဲ ဟု ကျွန်မ သိလိုက်သည်။ 
                             မှန်သည်။ တစ်ပတ်အတွင်းမှာပင် သူ အိမ်ပြောင်းသွားပါချေသည်။

.....................................................................................................................................................................

            ဒီစာလေးကို ဖတ်ပြီးတော့ ကျွန်တော် စာရေးဖို့ ကြိုးစားဖူးသည်။ ကျောင်းသားဘ၀တုန်းက ဆရာမက စာစီစာကုံးရေးကောင်းသည်ဟု ချီးကျူးမှုလေးတစ်ခုသည် ကျွန်တော့်အတွက် စာရေးခြင်းကို ချစ်ခင်လာအောင် စိတ်ထဲနွေးနွေးလေးခံစားမိစေသည်။ ကျွန်တော် စာဖတ်အားနည်းသည်။ ကိုယ့်ကိုယ်ကို သိသည်.။ ဒါပေမယ့် ကျွန်တော် စာတစ်ပုဒ်ဖတ်မိရင် စာတစ်ကြောင်းလောက်ချရေးချင်မိသည်။ သို့သော် အကြောင်းအကျိုးခိုင်လုံမှုရှိသောစာတစ်ပုဒ်ဖြစ်မလာသေး။ စိတ်ဓာတ်တော့ မကျပါ။ 
                      ကျွန်တော်သိတာလေးတွေ တင်ပြရင်း ပျော်မွေ့နေဦးမည် ။. စာရေးခြင်းကို ၀ါသနာပါလျက်..
                

Sunday, October 16, 2011

စကားပြောခြင်း

`ကျွန်တော့ကို ဘယ်လိုမြင်လဲ´
ကျွန်တော့သူငယ်ချင်းကို မေးလိုက်တာပါ။ သူက
    `ကောင်းပါတယ်..မဆိုးပါဘူး..´လို့ပြန်ပြောတယ်။
နောက်ပြီး `တစ်ခုပဲ ..အဲဒါဘာလဲဆိုတော့ မင်းက စိတ်မြန်တယ်..တခြားတော့ ဒီလောက်ကြီး မဟုတ်ပါဘူး´ လို့ဆက်ပြောတယ်ဗျ..။
    ဟုတ်လိုက်လေဗျာ..။ ကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးမှာ  အခက်အခဲတွေ၊ စိတ်ကသိကအောက်ဖြစ်တာတွေ၊အလိုမကျတာတွေ စတဲ ပြဿနာတွေ မရှိလေကောင်းလေ မဟုတ်လား။ ကျွန်တော်က အများကြီး လိုပါသေးတယ်။ ဒါပေမယ့် ဟာကွက်ကို ကျွန်တော့သူငယ်ချင်းက ထောက်ပြ ခဲ့တယ်လေ..။ `မင်းက စိတ်မြန်တယ်..´တဲ့။ သူပြောတာ ကျွန်တော့ကို ဆုံးဖြတ်တာမြန်တယ်လို့ ချီးကျူးတာမဟုတ်ဘူးဗျ..။
    ကျွန်တော် လူတစ်ယောက်ကို စကားပြောတဲ့အခါ ဒါမှမဟုတ် အဲဒီလူကို အလိုမကျတဲ့အခါ ပြောလိုက်တဲ့စကားဟာ ဘယ်ရောက်သွားလဲ.. ဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသိဘူး။ အဲလိုဆို တစ်ဖက်လူအတွက်  မကောင်းဘူးပေါ့။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ဘူးပေါ့။ ဒါပေမယ့် `စိတ်မြန်လက်မြန်´ဟာ ကျွန်တော့ရဲ့ ငယ်ပေါင်းလိုဖြစ်နေတော့ ပြင်ရခက် ခက်ပဲဗျ။ အဲဒါကြောင့် စိတ်ပိုင်းဖြတ်ရတော့မယ်ပေါ့..။
(၁) စကားကို ဆင်ခြင်ပြောမယ်။
(၂) ကိုယ့်ကြောင့် သူတစ်ပါး စိတ်မညစ်ညူးစေဘူး။
(၃) သူတစ်ပါးနဲ့ စကားလုမပြောဘူး။
(၄) အော်ကြီးဟစ်ကျယ်မပြောဘူး။
(၅) မလိုအပ်ပဲ မပြောဘူး။
    ဒီ(၅) ချက်လုံး ကျွန်တော်မလိုက်နာနိုင်သေးပေမယ့် အတတ်နိုင်ဆုံး ဆင်ခြင်ရမှာပဲ။
    စကားပြောခြင်းဟာ အင်မတန်အရေးကြီးတယ်လေ။ မသိဘဲနဲ့ ပြောတာဟာ လေလည်တာနဲ့တူတယ်လို့သိရင် နောက်ကို အာဖျံရွှီးမလုပ် တော့ဘူးပေါ့။ ထားပါတော့ဗျာ..။
    ကျွန်တော့စိတ်ဓာတ်တွေ မြင့်တက်လာဖို့ စိတ်အစာကျွေးတာပါ။
စိတ်အားတွေ မြင့်တက်လာမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်။ ယုံကြည်မှု ရှိလာတော့ ရင်ဆိုင်ဖြေရှင်းရဲလာမယ်။ ဘယ်သူ့ကို မှ မကြောက်တော့ရင် လုပ်တိုင်းအောင်မြင်နိုင်တာပေါ့..။
    ဒီတော့စကားပြောစွမ်းရည်ကို ကျွမ်းကျင်အောင် ကျင်လည်အောင် ၊လိမ္မာအောင် လေ့ကျင့်သင့်တယ်လို့ထင်ပါတယ်..။
    ဒီနေ့ဟာ ၀ါဆိုလပြည့်နေ့ အဖိတ်နေ့ဖြစ်သလို ကျွန်တော့နှလုံး သားထဲက ခွန်အားတွေလည်း ပြည့်ဖြိုးပြီး ဖိတ်ကျံသည်အထိ စိတ်တန်ခိုးများ မြင့်တက်လာရန်ဟု............


(ရေးထားတာတော့ ကြာပါဘီ..)

Wednesday, October 12, 2011

21 နှစ်ပြည့် သီတင်းကျွတ် (12.10.2011)

``လျှောက်လည်ခဲ့တာ
ပျော်စရာကောင်းလှ..
သူငယ်ချင်းများ ဆွေသဟာ
ရယ်မောရင်း ပျော်ပါးခဲ့တာ..
ဘုရားဆီမီးသက်စေ့လှူ
ကျနော်ဆုတွေ တစ်ပွေ့ယူ..
မေ့မေ့ကို ကန်တော့ရင်း
အပြုံးဆုတွေ ခံယူရင်း
သီတင်းကျွတ်ည လွမ်းပေစွ..။´´






ဒီနေ့ သီတင်းကျွတ်လပြည့်နေ့လေးဖြစ်သည်။ ကျနော့်အတွက် နောက်ထပ်နှစ်ရက်ဆိုရင်တော့ (21) နှစ်ပြည့်မွေးနေ့လေးဖြစ်သည်။ ဒီတော့ 21 ပြည့် သီတင်းကျွတ်လို့ ခေါင်းစဉ်တပ်လိုက်တာပါ။


ဒီနေ့ မနက် မိုးလင်းတော့ ခေါင်းကိုက်နေသည်။ ညက ညနက်မှ အိပ်ဖြစ်သည်။ နာရီကိုကြည့်လိုက်သည်။
 8 နာရီ ဖြစ်သည်။ ကိုးနာရီ ဘုန်းကြီးကျောင်းမှာ သီလပေးမှာမို့ ဒီအချိန်လောက်အတော်ပဲဖြစ်သည်။
အမ လင်မယားနှင့် အံတော်ရှင် ဘုန်းကြီးကျောင်း သွားဖြစ်သည်..။ လူတွေ အရမ်းများသည်..။
နေရာမရတော့ မလှမ်းမကမ်းက စင်္ကြန်လေးကနေပဲ ဆောင့်ကြောင့်ထိုင်ပြီး သီလယူခဲ့ပါသည်။


အိမ်ပြန်ရောက်တော့ ထမင်းအနည်းငယ်စားသည်။ ပြီးတော့ သူငယ်ချင်း   သော်ဇင်စိုးဆီသွားသည်။ ဘာလုပ်ရမလဲ မသိဘူးလို့..ဆိုကြတော့။ Chess ထိုးကြသည် ။ ကျနော် ရှုံးသည်။


ဆယ်တန်းတုန်းက အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက် နှင့်တွေ့သည်။ သံပုရာရည်သောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်..။ ကျနော် သူ့ကို ပြောပြသည်ထဲမှာ ကျနော် အကြောင်းသိပ်များများစားစား မပြောဖြစ်ပါ။ သူ့အကြောင်းပဲ ပြောဖြစ်ပါသည်။ သူနဲ့တွေ့ပြီးတော့ အိမ်ပြန်သည်။ တစ်ရေးအိပ်သည်။   ညနေငါးနာရီလောက်မှ နိုးသည်။


မနေ့က မမြင့်မြင့်အေးဆိုတဲ့ အမ တစ်ယောက်ကကျနော့်ကို သူ့အိမ်မှာ ကြာဇံလာစားဖို့ ခေါ်ထားသည်။
သူက အွန်လိုင်းမှာ ခင်တဲ့ အမတစ်ယောက်ပါ။ သူလိပ်စာပြောပြသည်။ ကျွန်းပင်သာ အိမ်အမှတ် -13 တဲ့။
ကျနော် ကိုသော်ကြီးကိုသွားခေါ်ပြီးတော့ အဲလိပ်စာကို သွားရှာပါသည်။ တော်တော်ကြာကြာ မတွေ့။  နောက်ဆုံးတွေ့ပါပြီ ။ အဲဒီအိမ်လေးမှာ ကုန်စုံဆိုင်လေး တစ်ဆိုင်ဖွင့်ထားသည်။
`အန်တီ မမြင့်မြင့်အေး ရှိလား´ ဆိုတော့ `မသိဘူးကွယ့်´ တဲ့။ မှတ်ကရော...ကြာဇံလေးစားရမလား မှတ်တယ်..။ ငတ်ရော..။ ညရောက်တော့ သူ့ဆီက မက်ဆေ့လေးတစ်ခုကို တွေ့ပါသည်။
လူညာကြီး တဲ့။ ထားပါ...အမှတ်တရ တစ်ခုပြောပြတာပါ..။


အဲက အပြန် နည်းပညာကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်ဆီဝင်တော့ `ဘုရားသွားကြမယ်လေ´ဟု ဆိုတော့ ဘုရားသွားဖို့ အစီအစဉ် ဆွဲမိပြန်ရောဗျာ..။
ကျနော်ရယ် ကိုသော်ကြီးရယ် ကိုဟိန်းလေးစံရယ်  သန္တာရယ် မီမီရယ် မနေခြည်ဖြိုးရယ်ပေါ့..။ ကိုသော်ကြီးက ဓာတ်ပုံရိုက်ပေးတော့ ပုံထဲမှာ မပါဘူးဗျ..။ ပုံကို ကလစ်ပြီးတော့ ကြည့်ပေးပါ။





အံတော်ရှင်မှာ ရိုက်ထားတာပါ။ ကင်မရာသိပ်မကောင်းလို့ မျက်လုံးလင်းနေတာ။ အမှတ်တရမို့ တင်လိုက်ပါသည်။ ပြီးတော့ ရွှေတိဂုံ ပုံတူ စေတီကို ဆက်လက်ချီတက်ကြမယ်ဟုဆိုသည်။
မချီတတ်မီ ကျနော်က ဗိုက်ဆာသည်ဟု ဆိုတော့ max မှာ တစ်ခုခုသွားစားကြသည်။ တစ်ခုခုဆိုတာ တစ်ခုခုပေါ့နော် ။ ပြီးတော့ ဆက်လက် ချီတက်သည်။ ဘုရားမှာပေါ့ ဗျာ ။လူတွေ စည်လိုက်တာဗျ။ အုံခဲနေတာပဲ ..။ ပုရွက်ဆိတ်လေးတွေ ကျနေတာပဲ..။ ကင်မရာက ဓာတ်ခဲအားကုန်သွားသည်။ ရွှေတိဂုံပုံတူစေတီရောက်တော့ အဲမှာ တစ်ခုပေါ့ ကျနော် မကြုံဖူးတာလေး တစ်ခုပေါ့။ ဘာလဲ ဆိုတော့ ၀င်္ကပါ ဘုရားပူဇော်ပွဲတဲ့ဗျ..။ 


   သူက ဘယ်လိုလဲဆိုတော့ ၀ါးချမ်းလေးတွေနဲ့ နံရံသေးသေးလေးတွေကို ၀င်္ကပါပုံစံလုပ်ထားတာပေါ့။ အဲမှာ လမ်းတွေ လည်း ၀င်္ကပါလိုပဲ..။ သွားရင်း သွားရင်းနဲ့ ဘုရားပူဇော်ခံဆီရောက်သွားတာပေါ့။ တကယ်လို့ အဲလိုမဟုတ်ရင်တော့ အပြင်ကို သူ့အလိုလိုပြန်ရောက်သွားတာပေါ့။ ကျနော်တို့သူငယ်ချင်းတွေတော့ ဘုရားပူဇော်ခံဆီတန်းရောက်သွားပါသည်။ ပြီးတော့ ရွှေတိဂုံပုံတူစေတီမှာ ကျနော် သက်စေ့ပေါ့ 21 တိုင် ဘုရားဆီမီးပူဇော်ခဲ့ပါသည်။ 


ကျနော် ဆုတောင်းခဲ့သည်။ ဘာဆုတောင်းလဲဆိုတော့ ဘုရားတပည့်တော် အသက်21 ပြည့်ပြီဖြစ်တာမို့ တပည့်တော်ကို ယောက်ျားပီသသောစိတ်ဓာတ်မျိုး ရင်မှာ ဖြစ်တည်ပါရစေလို့ ဆုတောင်းခဲ့ပါသည်။ ဒါလည်း ကျနော် ဆန္ဒပြုခဲ့တယ် ဆိုရင်ပိုမှန်မှာပေါ့။  ပြီးတော့ ကျနော်တို့တွေ ပြန်ကြမယ်ဟု ဆိုကြပါသည်။
ကိုသော်ကြီး ဖိနပ်ပျောက်သည်။ သူငယ်ချင်းကောင်မလေးတွေကို ပြန်ပို့သည်။ ကိုသော်ကြီးရယ် ကိုဟိန်းလေးစံရယ်လည်းပြန်သွားကြပြီပေါ့။ ကျနော် အိမ်အတွက် ထမင်းကြော်တစ်ပွဲဝယ်သည်။ ပြီးတော့ အိမ်ပြန်သွားသည်။ ရုံးမှာ ညအိပ်တော့ ရုံးကို ပြန်လာသည်။ 
    ရုံးကို မလာခင် မေမေ့ကို ကန်တော့ခဲ့သည်။ အမေကို ကန်တော့ပွဲလေးဟာ မခမ်းနားပါဘူးဗျ..။ ဒါပေမယ့် အမေပြုံးတဲ့အပြုံးလေးတစ်ပွင့်ကြောင့် ကျနော်ရင်ထဲ ခမ်းနားခဲ့ပါသည်။ မေမေပျော်ရွှင်ပါစေဗျာ..။ ကျနော်နဲ့ ကျနော်အမေပုံလေး အမှတ်တရလေးတင်လိုက်ဦးမယ်နော်..။ မရယ်နဲ့နော်..။



ရုံးကိုရောက်တော့ အင်တာနက်ဖွင့်သည်။ သူငယ်ချင်းတွေနှင့် စကားပြောဖြစ်သည်။ ဖိုရမ်က ချက်ခန်းမှာလည်း စနောက်ဖြစ်သည်။ 
မကြည်ဖြူခင်ခင်က ကဗျာလေးတစ်ပုဒ် ရေးသည်။ အဲကဗျာလေးကို ဝေဖန်ပေးဆိုလို့ ကျနော် အဆုံးသတ်လေးနည်းနည်း လေး မမိဘူးဆိုတော့ သူကပြင်ပေးလေတဲ့..။ ကျနော်လည်း နည်းနည်း တတ်သလောက် မှတ်သလောက်လေး ပြန်ပြင်ပေးလိုက်တော့ သူက ကောင်းသည်ဟုဆိုသည်။ ပြီးတော့ သူကနှစ်ယောက်ပေါင်းအမှတ်တရကဗျာလေး တဲ့ ဒီနှစ်အတွက် လို့ဆိုတော့ အမ ကျနော်လည်းကူးမယ်လေ ဆိုတော့ ကူးလေတဲ့။ အဲဒီကဗျာလေးကိုလည်း အမှတ်တရ တင်လိုက်ပါသည်..။မကြည်ဖြူခင်ခင် ဘလော့လေးမှာ ဒီလိုလေး တင်ထားပါသည်။

သီတင်းကျွတ်အမှတ်တရလေးပေါ့

သီတင်းအကျွတ်မှာ..
အလွမ်းဆွတ်လာလို့ ၊
ရင်ထဲမှာ ဒီကဗျာကို..
အသက်လေးသွင်း..
တစ်ချက်ခြင်းပဲ ရေးဖွဲ့မယ်..။
ရိုှးရှင်းတယ် ဒီကာရံတွေနဲ့
မာန်မပါ တကယ်အမှန်ပါလို့
ဒီချိန်ဆို အပျော်တွေရောင်ပြန်ဟပ်တယ်
ပွဲတော်မို့လေး..။
ဘုရားရှင် ကြွချီလာတာမို့
ဆီမီးတွေ လှိုင်လှိုင်ထွန်းညှိမယ်
မိုးလင်းထိကွယ်.. ။
အလင်းတွေရောက်ဖို့
ထွန်းတောက်စို့ တို့တွေ ပူဇော်မယ်...။
ဒီအခါသမယ စိတ်ဝယ်ရှိသမျှ ..
အပြုံးတွေစာဖွဲ့ကာ ..
နှလုံးသားမှာ ပီတိလွှမ်း..
တို့ဘ၀လမ်း ငြိမ်းချမ်းကြစေကွယ် .. .. ..။

ပျော်ရွှင်စရာ သီတင်းကျွတ်လေးပါ..။ ကျနော့်အတွက် အမှတ်တရလေး က မထူးခြားပါဘူး။ ဒါပေမယ့် အမှတ်တရလေးအနေနဲ့ တင်လိုက်ပါသည်။

ကျနော် ရေးတဲ့စာလေးကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်ခင်ဗျား။

Tuesday, October 11, 2011

(18) ပြည့်မွေးနေ့တုန်းကပေါ့..။

Today is my birthday (18th).
မွေးနေ့ပွဲငယ်လေးကို ကိတ်လေးသေးသေးလေးတစ်လုံးနဲ့လုပ်ဖြစ်တယ်။
သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လူကြီးသူမကိုလည်း ကန်တော့ရတဲ့နေ့ပေါ့ဗျာ။
    ဒီနေ့ဟာ အလွန်ပျော်စရာကောင်းတဲ့ အမှတ်ရစရာနေ့လေးပါပဲ။
အရယ်အပြုံးများနဲ့သီကုံးထားတဲ့နေ့ဆိုပါတော့.။
    `မိမိ၏ စိတ်ထဲတွင်ရှိသော လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ´တဲ့။
မေမေက ဆုပေးတာပါ...။
ကျွန်တော်...ကျွန်တော့စိတ်ထဲက လိုရာပန်းတိုင်က ဘာပါလိမ့်။
ဟာ..ကျွန်တော်တိတိကျကျမသိပါလား..။ အောင်မြင်ချင်တယ်။
ဘာကိုအောင်မြင်ချင်တာလဲ..။ စီးပွားရေးလား။ ပညာရေးလား။ ဒါမှမဟုတ်
နာမည်ကျော်ကြားတဲ့ အနုပညာရှင်လား။ ရေရေရာရာ ကျွန်တော်မသိ။
    ဒါပေမယ့် ခင်ဗျားတို့စဉ်းစားကြည့်နော်..။ ကျွန်တော့အမေဆုပေးတာက
ဆုံးမရာပါရောက်နေတယ်။`မင်းတို့ ရည်မှန်းချက်ပန်းတိုင်ထားပါ။ ကိုယ်ဘာဖြစ်ချင် တယ်ဆိုတာကို သိအောင်လုပ်ပါ..။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိမှ အောင်မြင်တာ မအောင်မြင်တာ ကိုယ့်ရဲ့ ကံ။ ကိုယ်ဘာဖြစ်တယ်ဆိုတာ မသိရင် သေချာတယ်
မျက်ကန်း လမ်းလျှောက်တံတားအောက်ပဲဟေ့´ လို့ပြောလိုက်သလိုပါပဲ..။
    အော်..ကံဆိုတာ ကိုယ့်ရဲ့လုပ်ရပ်ပါပဲ..။

မွေးနေ့မှာပျော်ရွှင်ခဲ့ပါတယ်..။  နောက်ထပ်သုံးရက်ဆိုရင် ကျနော် (21) နှစ်ပြည့်ပြီဖြစ်ပါသည်

facebook comment


content top