content top

Monday, November 7, 2011

ခရီးတစ်ထောက်

               ဘ၀ဆိုတာ ခရီးတစ်ခုတဲ့။ ဟုတ်တယ် အကြိမ်ကြိမ် သွားနေကျ ခရီးတစ်ခုကို သွားနေရသလိုပဲ။ ဒါပေမယ့် ဒီခရီးကလည်း တစ်ခါမှ မသွားခဲ့ဖူးတာက စခဲ့တာပဲလေ။ အခုတော့လည်း အိမ်ဦးနဲ့ ကြမ်းပြင် လိုပါပဲ။

                      ကျွန်တော် ခရီးထွက်ရမည်။ ပထမဆုံးခရီးထွက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်က ကျနော် စိတ်အတွေးအကြံတွေက အရင်တုန်းကလိုပဲလား ဆိုတာ ဆန်းစစ်ဖို့အခွင့်အရေးပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ကလေးဆန်တယ်လို့ ထင်ခဲ့တယ်။ မေမေ့ရဲ့ လောင်းရိပ်လေးမှာပဲ ကျနော် နေထိုင်အသက်ရှင်ခဲ့တာ အခုဆို အသက် (22) ရှိပြီ။ ဘ၀ဆိုတာကို ကျနော် ထိုက်သင့်သလောက် ကြမ်းတမ်းတယ်လို့ ခံစားမိဖူးတယ်။ ဒါပေမယ့် ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ဖူးသည် မဟုတ်ပါ။

                         ဆောက်လုပ်ရေး ကုမ္ပဏီ သေးသေးလေးတစ်ခု ။ ကျနော် အလုပ်လုပ်နေတာလေ။ ဒါပေမယ့် ကျနော် အချောင်ခိုနေမိခဲ့သလားမသိဘူးနော်။  အွန်လိုင်းက သူငယ်ချင်း တွေက ကျနော်ကို တော်တယ်လို့        ပြောတာကို ကျနော် ရင်ခုန်ခဲ့ဖူးပါတယ်။ လူဆိုတာ ကိုယ့်ကို တော်တယ်ဆိုတာ အသိအမှတ်ပြုစေချင်ကြသူ    တွေ ချည်းပါပဲ။ ဒါပေမယ့် ကျနော် အားလုံးကို ပြန်ပြောခဲ့တယ် ။ ကျနော် တော်နေတာလည်း ဖြစ်နိုင်ပါတယ်။   ဒါပေမယ့် ကျနော် နေရာမှားပြီးတော်နေတာ ပါလို့။ အလုပ်မှာ ကျနော် စိတ်ဝင်စားမှုနည်းနေပါတယ်။ ဒါကို ကျနော်က ကလေးဆန်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။

                           လူတစ်ယောက်မှာ သူ့ရဲ့ပျော်ရွှင်မှုအတွက်သက်သက် သူလုပ်ချင်တာကို လုပ်နေရင် သူအမြဲ ပျော်နိုင်ပါ့မလားလို့ စဉ်းစားမိဖူးပါတယ်။ မပျော်နိုင်ပါဟူသော အဖြေကို ကိုယ့်ဖာသာပြန်ပေးမိတယ်။ ဒါပေမယ့် ကျနော် အတွက် ပြင်ဆင်ဖို့ ကျနော်စိတ်ကို ကျနော် မလှုံ့ဆော်နိုင်ဘူး။ ဒီတော့ ကျနော် တိုးတိုးလေး ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ဘ၀ဆိုတာ ဘာလဲ လို့။ ကျနော် မဖြေပါဘူး ။ မသိချင်ယောင်ဆောင်လိုက်တယ်။ ဘာလို့လဲဆို ကျနော် အလုပ်က နေ အိမ်ကို ပြန်သွားရင် အမေက အမြဲ ထမင်းခူးခပ်ကျွေးနေတုန်းပဲ။ ပြီးတော့ ကျနော့်အ၀တ်တွေကို ချွတ်ပုံပြီးတော့ အမေလျှော်ဖွပ်ထားတဲ့ အ၀တ်တွေ ကို လဲဝတ်ပြီး နေခဲ့တာ ဘာလိုလိုနဲ့ အလုပ်ဝင်တာ တောင် နှစ်နှစ်ရှိခဲ့ပြီ။

                              အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက် ဆိုတဲ့ ဂုဏ်ဟာ ကြီးမားပါတယ်။ အလုပ်မရှိဘဲ ဝေလေလေလုပ်နေတယ်ဆိုတာထက်စာရင်တော့ ကျနော်က အလုပ်လုပ်နေတာပေါ့။ ဒါပေမယ့် ကျနော့် လုပ်အားခဟာ မေမေ့အတွက် ဘာအသုံးဝင်ခဲ့ဖူးလဲဟု ကျနော့်ကို မမေးပါနဲ့။ ကျနော်မဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် လစာဟာ ကျနော့်အတွက်ပင် မလောက်ငှပါဘူး။ ဒီတော့ ကျနော် ကိုယ့်ကိုယ်ကို တော့ တော်တယ်လို့ မမြင်မိပါဘူး။ ဒါပေမယ့် ကျနော် တော်ချင်ပါတယ်။ အောင်လည်း အောင်မြင်ချင်ပါတယ်။

                                                     ဆရာအောင်သင်းက ဘ၀ဆိုတာ စိန်ခေါ်ရဲရတယ်လို့ ဆုံးမဖူးတာလေးကို သတိရမိပြီး ကျနော် မချင့်မရဲလေး စိန်ခေါ်ခဲ့ဖူးပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်အတွက်တော့ ကိုယ်တာဝန်ယူနိုင်ရမယ်လို့ပေါ့။

                                          အခု မိုးညှင်းမှာ အဆောက်အဦတစ်ခုကို သွားဆောက်ရမည်။ ကျနော် လုပ်နိုင်ရမည်။ အင်ဂျင်နီယာ တစ်ယောက် လို့ ပြောဖို့ ကျနော်ကို ငယ်လိုက်တာ ဆိုတဲ့ မှတ်ချက်မျိုးသာ ကျနော် ရဖူးပါသေးသည်။ တော်သည်ဟုလည်း အပြောမခံရသေး။ ဒါပေမယ့် ကျနော် အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘာလို့လဲ။ ကျနော်ဖြစ်ချင်တာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျနော် ကြိုးစားရမယ်။ မိုးညှင်းမှာသွားနေရမယ် လေးလ ... အဲထက်လည်း ကြာနိုင်တယ်။ အိမ်နဲ့ခွဲရမည်။ ပြီးတော့ ကျနော် ကို ထမင်းခူးပေးမယ့်သူမရှိ။ ကျနော့် အ၀တ်တွေကို လျှော်ဖွပ်ပေးမယ့် ကျနော့်မေမေမရှိ။ ရှိမှာက ကျနော်ဆီက ဘယ်လိုလုပ်ပေးပါ လို့ပြောမှာကို စောင့်နေတဲ့ လက်သမား ပန်းရန်ပဲရှိမည်ဖြစ်သည်။

                                                  တစ်ခါတစ်လေကျတော့လည်း ကျနော်စဉ်းစားမိတယ်။ လောကမှာ တစ်ယောက်တည်းပဲ ရှိမယ်။ သံယောဇဉ်အနှောင်အဖွဲ့တွေ ။ လောဘတွေ  ။ ကင်းကွာလိုက်ရင် ဘာဖြစ်သွားနိုင်လဲလို့ ။ ဒါပေမယ့် ကျနော် အဲလောက်ထိ မတွေးရဲပါ။ မချင့်မရဲလေးပဲ စဉ်းစားလိုက်ခြင်းပါ။ ထို့ကြောင့် ကျနော် ဒီစာလေးကို ရေးပြီးတော့ ကျနော့်စိတ်ကို တံခါးဖွင့်ကြည့်ခြင်းပါ။ ကျနော် မနက်အိပ်ရာထခါစလား ။ ဒါမှ မဟုတ် ညမှာ တစ်ရေးနိုးတာလား ဆိုတာကိုတော့...........။

2 comments:

mstint said... Reply To This Comment

ဘဝကိုရဲရဲကြီးလျှောက်ပစ်လိုက်ပါ မောင်အောင်မင်းရေ။ ဝယ်ယူလို့မရတဲ့ အတွေ့အကြုံတွေက ဘဝရဲ့အောင်မြင်မှုကို အထောက်အကူပြုလာပါလိမ့်မယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said... Reply To This Comment

အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက် ဆိုတဲ့ ဂုဏ်ဟာ ကြီးမားပါတယ်။
တဲ့လားဟယ်...မဂျက်တို့များ ထမင်ဝယ်စားရတာနဲ့ အ၀တ်တွေဒိုဘီဆိုင်
ပို့ရတာနဲ့ အိပ်ချိန်ကျတော့လဲ ကဗျာတွေရေးရတာနဲ့
ဘ၀ရဲ့ အဆင်ရဲဆုံးက အချိန်ပါပဲ
လုံးဝအားချိန်မရှိပါ ပျင်းဖို့အချိန်လဲ မရှိပါ
ကဲ အဲတာဘယ်လိုပြောမလဲ...
ခင်မင်တဲ့ jasmine( မကြီးဂျက်)

Post a Comment


facebook comment


content top